ဂျပန်စာ စာမေးပွဲများအကြောင်း

ဂျပန်စာ စာမေးပွဲများအကြောင်း

ဂျပန်စာနဲ့ပတ်သက်တဲ့ စာမေးပွဲတွေဟာ အမျိုးမျိုးရှိပါတယ်။ ဒီ post မှာ မြန်မာနိုင်ငံမှာ ဖြေဆိုလို့ရတဲ့ ဂျပန်စာစာမေးပွဲတွေအကြောင်းကို လေ့လာကြည့်ကြပါစို့။

၁). JLPT
ဂျပန်စာစာမေးပွဲဆိုလျှင် လူသိများတာကတော့ JLPT ပါပဲ။
JLPT ဆိုတာ Japanese-Language Proficiency Test ရဲ့အတိုကောက်ပါ။ မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့
"ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ" လို့ အဓိပ္ပါယ်ရပါတယ်။
ဒီစာမေးပွဲဟာ ဂျပန်ဘာသာကို မိခင်ဘာသာအဖြစ် မသုံးတဲ့သူတွေအတွက် ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာပေးတဲ့ စာမေးပွဲဖြစ်ပါတယ်။ ဒီစာမေးပွဲကို ၁၉၈၄ ခုနှစ်မှာ စတင်ခဲ့ပြီး၊ လက်ရှိအထိ ဖြေဆိုသူအများဆုံး ဂျပန်စာစာမေးပွဲ တစ်ခုလည်းဖြစ်ပါတယ်။

ဒီစာမေးပွဲမှာ N5,N4,N3,N2,N1 ဆိုပြီး level ၅ဆင့်ရှိပါတယ်။ N5ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး N1ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။

※ ဒီစာမေးပွဲရဲ့အားသာချက်
စာမေးပွဲအောင်လျှင် အောင်လက်မှတ် ထုတ်ယူလို့ရပါတယ်။
ဒီစာမေးပွဲရဲ့အောင်လက်မှတ်ကို မြန်မာနိုင်ငံက ဂျပန်ကုမ္ပဏီမှာ အလုပ်ဝင်မယ့်အခါ၊ ဂျပန်မှာကျောင်းလာတက်မယ့်အခါ၊ ဂျပန်ကုမ္ပဏီတွေမှာ အလုပ်ဝင်မယ့်အခါ၊ ဂျပန်လဝကမှာ ဗီဇာတင်မယ့်အခါတွေမှာ သုံးလို့ရပါတယ်။
ဂျပန်စာနဲ့ပတ်သက်တဲ့စာမေးပွဲတွေ မျိုးစုံရှိပေမယ့် နေရာတိုင်းမှာ သုံးလို့ရတာ၊ လူသုံးများတာ ဒီ JLPT အောင်လက်မှတ် တစ်ခုပဲ ရှိပါတယ်။

※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲဟာ တနှစ်မှာ ၂ခါ(Julyနဲ့December)ပဲ ကျင်းပပါတယ်။
အဲ့ဒီအတွက် ကိုယ့်ရဲ့ဂျပန်စာအရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာပြသနိုင်ဖို့(အောင်လက်မှတ်ရဖို့) chance က တနှစ်မှာ ၂ခါပဲ ရှိပါတယ်။

JLPT အကြောင်း ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://www.jlpt.jp/sp/

၂). NAT-TEST
NAT-TEST ရဲ့NAT ဆိုတာ Nihongo Achievement Test ရဲ့အတိုကောက်ပါ။
ဂျပန်လို 日本語学力テスト(nihongogakuryokutesuto) လို့ခေါ်ပြီး၊
မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့ "ဂျပန်စာစွမ်းရည်စာမေးပွဲ" လို့ အဓိပ္ပါယ်ရပါတယ်။
ဒီစာမေးပွဲဟာလည်း ဂျပန်ဘာသာကို မိခင်ဘာသာအဖြစ် မသုံးတဲ့သူတွေအတွက် ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာပေးတဲ့ စာမေးပွဲဖြစ်ပါတယ်။ ဒီစာမေးပွဲကို ၁၉၈၉ ခုနှစ်မှာ စတင်ခဲ့ပြီး၊ လက်ရှိတနှစ်မှာ ၆ကြိမ် စာမေးပွဲကျင်းပပါတယ်။
မေးခွန်းပုံစံနဲ့ စံချိန်စံညွှန်းကတော့ JLPT နဲ့ အတူတူပဲလို့ ဆိုပါတယ်။
ဒီစာမေးပွဲမှာလည်း 5級၊4級၊3級၊2級၊1級 ဆိုပြီး level ၅ခု ရှိပါတယ်။
5級 ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး 1級 ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။

ဒီစာမေးပွဲကို အထူးသဖြင့် နိုင်ငံခြားကနေ ဂျပန်မှာ ကျောင်းလာတက်ဖို့၊ လဝကကို ဗီဇာလှမ်းတင်ဖို့ အတွက်၊ ဂျပန်စာအရည်အချင်း အောင်လက်မှတ်ပြနိုင်အောင် ဖြေဆိုကြတာများပါတယ်။ JLPT အောင်လက်မှတ်အစား NAT-TEST အောင်လက်မှတ်ကို အသုံးပြုကြပါတယ်။ JLPT စာမေးပွဲဖြေဖို့အတွက်၊ အစမ်းစာမေးပွဲ အနေဖြင့်လည်း သုံးကြပါတယ်။

※ ဒီစာမေးပွဲရဲ့အားသာချက်
ဒီစာမေးပွဲဟာ တနှစ်မှာ၆ကြိမ်(February , April , June ,
August , October , December) ကျင်းပတဲ့အတွက် ဂျပန်ကို ကျောင်းလှမ်းလျှောက်မယ့်လူတွေ၊ JLPT ဖြေဖို့ မမီလိုက်တဲ့လူတွေ၊ အတွက် အသုံးဝင်ပါတယ်။ ပြီးတော့ စာမေးပွဲရဲ့ result ကိုလည်း စာမေးပွဲဖြေပြီး ၃ပတ်အတွင်းမှာ သိနိုင်တဲ့အတွက်၊ နောက်တစ်ခါဖြေဆိုနိုင်ဖို့အတွက် မြန်မြန်ပြန်ပြင်ဆင်နိုင်ပါတယ်။ စာမေးပွဲအောင်လျှင်လည်း အောင်လက်မှတ် ထုတ်ယူလို့ရပါတယ်။ ဂျပန်လဝကက တရား၀င် အသိအမှတ်ပြုထားတဲ့ အောင်လက်မှတ်တစ်ခုလည်းဖြစ်ပါတယ်။

※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲရဲအားနည်းချက်ကတော့ ဂျပန်ကုမ္ပဏီတွေဟာ အလုပ်ခန့်ကြတဲ့အခါ NAT-TEST အောင်လက်မှတ်ကို သိပ်မသုံးကြပါဘူး။ နိုင်ငံခြားကနေ ဂျပန်နိုင်ငံမှာပညာလာရောက်သင်ကြားနိုင်ဖို့၊ ဂျပန်ဘာသာအရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာ သက်သေပြနိုင်ဖို့အတွက်လောက်ကိုပဲ သုံးကြပါတယ်။

NAT-TEST အကြောင်း ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://www.nat-test.com/index.html

၃). J-TEST
J-TEST ဆိုတာ Test of Practical Japanese ရဲ့အတိုကောက်ပါ။
ဂျပန်လို 実用日本語検定(jitsuyōnihongokenteī)လို့ခေါ်ပြီး၊ မြန်မာလိုဘာသာပြန်လျှင်တော့ "အသုံးချဂျပန်စကားစစ်ဆေးခြင်း(စာမေးပွဲ)" လို့ အဓိပ္ပါယ်ရပါတယ်။
ဒီစာမေးပွဲဟာ  နိုင်ငံခြားသားတွေရဲ့လက်တွေ့အသုံးချ ဂျပန်ဘာသာစကားဟာ ဘယ် level ရှိတယ်ဆိုတာကို တိုင်းတာပေးတဲ့ စာမေးပွဲတစ်ခုပါပဲ။ ဒီစာမေးပွဲကို ၁၉၉၁ ခုနှစ် မှာ စတင်ကျင်းပခဲ့ပြီး၊ ဂျပန်မှာကျောင်းတက်မယ့်လူ၊ ဂျပန်ကုမ္ပဏီမှာ အလုပ်ဝင်မယ့်လူတွေ ဖြေဆိုကြတာများပါတယ်။
ဒီစာမေးပွဲဟာလည်း တနှစ်မှာ ၆ကြိမ်ကျင်းပပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၁၇နှစ်မှာ ၄ကြိမ်(January , March , May , August ) ကျင်းပခဲ့ပါတယ်။
ဒီစာမေးပွဲမှာ F級၊E級準D級၊D級၊C級၊準B級၊B級၊準A級၊A級၊特A級 ဆိုပြီး level ၁၀ခု ရှိပါတယ်။
F級 ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး 特A級 ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
AကနေDအတွက် မေးခွန်းတစ်ခု၊ Eနဲ့Fအတွက် မေးခွန်းတစ်ခု ပြုလုပ်ပြီး ရမှတ်ပေါ်မူတည်ပြီး level တွေ ခွဲပေးပါတယ်။

※ ဒီစာမေးပွဲရဲ့အားသာချက်
ဒီစာမေးပွဲမှာ အောင်တယ်ကျတယ်ဆိုတာမရှိဘဲ၊ ကိုယ်ရတဲ့ရမှတ်အလိုက် level ခွဲပေးပါတယ်။ A級 တို့လို အမြင့်ပိုင်း級တွေဟာ JLPT စာမေးပွဲထက် level မြင့်ပါတယ်။
အဲ့ဒီအတွက် ပိုမိုမြင့်တဲ့ ဂျပန်စာ level တွေကို လေ့လာဖို့အတွက် ဒီစာမေးပွဲဟာ အထောက်အကူဖြစ်စေပါတယ်။ ပိုခက်တဲ့ business J-TEST စာမေးပွဲဆိုတာလည်း ရှိပါတယ်။

※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲမှာ အောင်လက်မှတ်မရှိဘဲ၊ အမှတ်စာရင်းပဲ ရရှိမှာဖြစ်ပါတယ်။ ဒီစာမေးပွဲရဲ့ အမှတ်စာရင်းဟာလည်း ၃နှစ်အထိပဲ အကြုံးဝင်တယ်လို့ ဆိုကြပါတယ်။

J-TEST အကြောင်း ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://j-test.jp/

၄). TOP-J
TOP-J ဆိုတာ TOP JAPANESE ရဲ့ အတိုကောက်ပါ။
ဂျပန်လို 実用日本語運用能力試験(jitsuyōnihongounyōnōryokushiken) လို့ခေါ်ပါတယ်။ မြန်မာလိုဆိုရင်တော့ "အသုံးချဂျပန်စကားအသုံးချမှုစွမ်းရည်စာမေးပွဲ" လို့ အဓိပ္ပါယ်ရပါတယ်။

ဒီစာမေးပွဲဟာလည်း ဂျပန်စာကိုလေ့လာနေတဲ့ နိုင်ငံခြားသားတွေအတွက် ကျင်းပပေးတဲ့ စာမေးပွဲတစ်ခုပါပဲ။
ဒီစာမေးပွဲမှာ 初級(C,B,A)・中級(C,B,A)・上級(C,B,A) ဆိုပြီး level ၃ပိုင်း(အဆင့်၉ဆင့်) ရှိပါတယ်။
初級C ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး 上級A ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
初級A အောင်တဲ့လူတွေဟာ ဂျပန်နိုင်ငံမှာ ကျောင်းလာတက်နိုင်လောက်တဲ့ ဂျပန်စာ အရည်အချင်း ရှိတယ်လို့ ဆိုပါတယ်။ ဒီစာမေးပွဲကို တနှစ်မှာ ၆ကြိမ် (January , March , May , August, September, November ) ကျင်းပပါတယ်။ ကျောင်းလျှောက်တဲ့အခါမှာ အသုံးပြုနိုင်ပြီး၊ ဂျပန်လဝကက အသိအမှတ်ပြုထားတဲ့ အောင်လက်မှတ်တစ်ခုလည်းဖြစ်ပါတယ်။

※ ဒီစာမေးပွဲရဲ့အားသာချက်
ဒီစာမေးပွဲကို တနှစ်မှာ ၆ကြိမ်ကျင်းပတဲ့အတွက် ဂျပန်ကို ကျောင်းလှမ်းလျှောက်မယ့်လူတွေ၊ JLPT ဖြေဖို့ မမီလိုက်တဲ့လူတွေ၊ အတွက် အသုံးဝင်ပါတယ်။ NAT-TEST၊ J-TESTနဲ့ ဒီစာမေးပွဲ(TOP-J)တွေကို အသုံးချပြီး၊ ကျောင်းလျှောက်မယ့်အချိန်ကိုကြည့်ပြီး ပြင်ဆင်ဖို့ အခွင့်အရေးတွေရှိပါတယ်။

※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲမှာ ရေးဖြေလည်းပါဝင်တဲ့အတွက် ဂျပန်စာစတင်လေ့လာသူတွေအတွက် ခက်ခဲလိမ့်မယ်လို့ထင်ပါတယ်။
ဒီစာမေးပွဲမှာလည်း အောင်တယ်ကျတယ်ဆိုတာမရှိဘဲ၊ ကိုယ်ရတဲ့ရမှတ်အလိုက် level ခွဲပေးပါတယ်။ အောင်လက်မှတ်ရရှိမှာမဟုတ်ဘဲ၊ ဘယ် level ရှိတယ်ဆိုတာပဲ ရရှိမှာဖြစ်ပါတယ်။

TOP-J အကြောင်း ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://www.topj-test.org/

၅). BJT
BJT ဆိုတာ Business Japanese Proficiency Test ရဲ့အတိုကောက်ပါ။ ဂျပန်လို ビジネス日本語能力テスト(bijinesunihongonōryokutesuto)လို့ခေါ်ပါတယ်။
မြန်မာလိုဆိုရင်တော့ "စီးပွါးရေးလုပ်ငန်းသုံးဂျပန်စကားစွမ်းရည်စာမေးပွဲ" လို့ အဓိပ္ပါယ်ရပါတယ်။

ဒီစာမေးပွဲကို အထူးသဖြင့် ဂျပန်ကုမ္ပဏီမှာအလုပ်ဝင်ချင်တဲ့လူတွေ အဓိကထားပြီးဖြေဆိုကြပါတယ်။
ဒီစာမေးပွဲမှာ J5,J4,J3,J2,J1,J1+ ဆိုပြီး level ၆ခုရှိပါတယ်။ J5 ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး J1+ ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။

※ ဒီစာမေးပွဲရဲ့အားသာချက်
ဒီစာမေးပွဲဟာ၂၀၁၇ခုနှစ် ၄လပိုင်းကနေစပြီး အင်တာနက်ကနေဖြေဆိုလို့ရလာပါတယ်။ နေ့တိုင်းဖြေဆိုနိုင်ခွင့်ရှိပြီး၊ စာမေးပွဲပြီးတာနဲ့ ရမှတ်ကိုသိရတဲ့အချက်ကတော့ အခြားစာမေးပွဲတွေထက် အားသာတဲ့အချက်ပါပဲ။

※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲဟာ စီးပွါးရေးလုပ်ငန်းသုံးဂျပန်စကားဖြစ်တဲ့အတွက် ကျောင်းတက်ဖို့ ရည်ရွယ်တဲ့လူတွေ သိပ်မဖြေကြဘူး ဆိုတဲ့အချက်ပါပဲ။

BJT အကြောင်း ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://www.kanken.or.jp/bjt/

၆). EJU
EJU ဆိုတာ Examination for Japanese University Admission for International Students ရဲ့အတိုကောက်ပါ။
ဂျပန်လို 日本留学試験(nihonryūgakushiken) လို့ခေါ်ပါတယ်။
မြန်မာလို တိုက်ရိုက်ဘာသာပြန်လျှင် ဂျပန်ပညာသင်စာမေးပွဲ လို့ အဓိပ္ပါယ်ရပါတယ်။
ဒီစာမေးပွဲကတော့ အထက်ကစာမေးပွဲတွေနဲ့ အနည်းငယ်ကွာခြားပါတယ်။ ဂျပန်ဘာသာစကားရဲ့ ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ စာမေးပွဲမဟုတ်ဘဲ ဂျပန်နိုင်ငံက တက္ကသိုလ်ကို တိုက်ရိုက်ဝင်နိုင်အောင်လို့ ကျင်းပတဲ့စာမေးပွဲဖြစ်ပါတယ်။

※ ဒီစာမေးပွဲရဲ့အားသာချက်
တက္ကသိုလ်တက်ဖို့ လိုအပ်တဲ့ ဂျပန်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ်တွေရဲ့ အရည်အချင်းကို စစ်ပေးတဲ့စာမေးပွဲမို့လို့၊
ဒီစာမေးပွဲရဲ့ရမှတ်တွေနဲ့ ဂျပန်ကတက္ကသိုလ်(သို့)ကောလိပ်တွေကို တိုက်ရိုက်ကျောင်းလျှောက်နိုင်တာဟာ ဒီစာမေးပွဲရဲ့အားသာချက်ပါပဲ။

※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲရဲ့အားနည်းချက်ကတော့ တက္ကသိုလ်ဝင်ခွင့်အတွက် ဦးတည်လုပ်တဲ့အတွက် အလုပ်ဝင်ဖို့၊ ဂျပန်စကားကျွမ်းကျင်မှုကိုပြသနိုင်တဲ့ အောင်လက်မှတ်တစ်ခုတော့ မဖြစ်ပါဘူး။

EJU အကြောင်း ကိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
https://www.facebook.com/permalink.php?story_fbid=1858381367811613&id=1484209378562149

နောက်ဆုံးမှာ အနှစ်ချုပ်ပြီးပြောရမယ်ဆိုလျှင်
ဂျပန်စာနဲ့ပတ်သက်တဲ့ စာမေးပွဲတွေကတော့ အမျိုးမျိုးရှိပါတယ်။ စာမေးပွဲအားလုံးရဲ့ result ကို ဂျပန်လဝကကလည်း အသိအမှတ်ပြုပါတယ်။ အောင်လက်မှတ်ရတဲ့စာမေးပွဲရှိသလို၊ level သတ်မှတ်ပေးတဲ့စာမေးပွဲလည်းရှိပြီး၊ အမှတ်စာရင်းပဲရတဲ့ စာမေးပွဲလည်းရှိပါတယ်။ ကျောင်းတက်ဖို့အတွက် ဖြေရတဲ့စာမေးပွဲရှိသလို၊ ဂျပန်စာအရည်အချင်းအတွက်၊ အလုပ်ဝင်ဖို့အတွက် ဖြေရတဲ့စာမေးပွဲလည်းရှိပါတယ်။

စာမေးပွဲကို ဘာအတွက်ဖြေမှာလဲ၊ ပြီးတော့ ရလာတဲ့ result ကို ဘယ်မှာအသုံးချမှာလဲဆိုတဲ့အပေါ်မှာမူတည်ပြီး ရွေးချယ်ဖြေဆိုနိုင်ကြပါစေ။

အကီ ။ ။

Credit #အကီ

Comments

Popular posts from this blog

ဂျပန်အက္ခရာ (၄၆)လုံး အပိုင်း(၃)